Tuesday, February 19, 2008

ချစ်သမီးသို့ …

ရေဆန်

သမီးရေ …
ဂန္ထ၀င်ခရီးမှာ

နေခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ၍
ရပ်နေသူများလည်း ရှိပါသည်။

ညဥ့်နက်သန်းခေါင်
လမ်းစမှောင်လည်း
တောင်မြောက်သေချာ
သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်။

လေပြင်းအတိုက်
လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည်
ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်။

မုန်တိုင်းကထန်
လှိုင်းကထန်လည်း
ရေဆန်လေကြမ်း
ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်။

သမီးရေ …
စေတနာနှင့် အသိ
သတိနှင့် သီလ
ဝီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ
သတ္တိနှင့် စွန့်လွှတ်မှု
အရင်းပြု ခရီးနှင်
ဂန္တ၀င်ရက်မြတ်
ရဲရဲဖြတ်လော့ သမီး …။ ။


(နှစ် ၅၀ပြည့် ကရင်တော်လှန်ရေး အထူးထုတ် သနူးထူးဂျာနယ်၊ ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၃၁-ရက်)

ဖဒိုမန်းရှာရဲ့ ကဗျာတပုဒ်ပါ။ ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြပါတယ်။

ကိုညို


No comments: