Tuesday, February 12, 2008

ကိုင်း…ပြောစမ်းပါရစေ (၄)

လွန်ခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် သမိုင်းဘီး တစ်ပတ်လည်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်ခင်ဗျ။ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း မှတဆင့် မှာကြားလိုက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ” ဆိုတဲ့ စကားပဲဖြစ်ပါတယ်ခင်ဗျ။ ဒီစကားဟာ မြန်မာတွေအတွက် သိပ်တော့မစိမ်းလှပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ကလည်း အလားတူစကားမျိုးကို မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် ဘိလပ်သွားပြီး အရေးဆိုစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်မျိုးထည်းသော စကားကို ဖခင်ဖြစ်သူ ဗိုလ်ချုပ် နဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တို့ပြောခဲ့ကြပေမယ့် လေသံအပြင်းအပျော့ ကွာခြားလှတာကို တွေ့ရပါသဗျ။

“ကျုပ်တို့ဟာ အကောင်းဆုံးကို မျှော်လင့်ထားသလို၊ အဆိုးဆုံးကိုလဲ ပြင်ဆင်ထားပါတယ်” ၁၉၄၇ခုနှစ်က ထွက်ပေါ်လာခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ကြုံးဝါးသံပါ။ အားမာန်အပြည့်နဲ့ ကြုံးဝါးလိုက်တဲ့ ဒီစကားသံမှာ၊ မြန်မာ့လွတ်လပ်ရေးအတွက် ရရာနည်းလမ်းနဲ့ ကြိုးပမ်းမယ်ဆိုတဲ့ သံဓိဌာန်ချထားသံ၊ သွားရောက်တွေ့ဆုံဆွေးနွေးရမယ့် ဘိလပ်အစိုးရကို တင်းတင်းမာမာနဲ့ ရာဇသံ ပေးလိုက်တဲ့အသံ၊ ပြည်သူလူထုကို “လာမယ့်ဘေး၊ပြေးတွေ့နိုင်စေဖို့” တပ်လှန့ှ်နှိုးဆော်သံတွေနဲ့ ပြည့်ဝနေပါတယ်ခင်ဗျ။ ဖခင်ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်စကားသံဟာ ကြားကြရတဲ့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဇာတိမာန် တဖွားဖွား ပေါ်ပေါက်လာစေခဲ့တယ်ဗျ။ မိမိတို့ရပိုင်ခွင့်ဖြစ်တဲ့ “လုံးဝလွတ်လပ်ရေး” အတွက် ရှေ့ လာမယ့်ဘေးမှန်သမျှကို ပြေးတွေ့ဖို့အတွက် အသင့်ဖြစ်နေစေပါတယ်ဗျ။ ပြည်သူလူထုဘက်ကလဲ ဘိလပ်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတဲ့ လူထုစည်းဝေးပွဲတွေ တခြိမ့်ခြိမ့် ကျင်းပပြီး အဆိုးဆုံးတိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ပြသခဲ့ကြတယ် မဟုတ်လား။

နှစ်ပေါင်း၆၀အကြာ ဒီနေ့ဒီအချိန်မှာ ဒီသမိုင်းဝင်စကားသံ ပြန်လည်ပေါ်ထွက်လာပါတယ်ခင်ဗျ။ မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာတို့ကို “အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ” လို့တိုက်တွန်းလိုက်ပါတယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားသံမှာ၊ မတရားဖိနှိပ်မှုအောက်မှာ မလူးသာ၊မလွန့်သာ ဖြစ်နေတဲ့ လူထုကို အသိပေးလိုသံ၊ နီးကပ်လာနေပြီဖြစ်တဲ့ ဘေးဆိုးကြီးကို အသင့်ပြင်ရင်ဆိုင်နိုင်စေလိုသံတွေ ပြည့်နှက်နေပါတယ်ခင်ဗျ။ တစ်ခွန်းတည်းသော စကားဖြစ်ပေမယ့် တာသွားတဲ့ အတိုင်းအတာကတော့ ကွဲပြားလှကြောင်း တွေ့နိုင်ပါတယ်ဗျ။

ဒီလို အမျိုးသားခေါင်းဆောင်ကြီးနှစ်ဦးရဲ့ ပြည်သူလူထုကို တပ်လှန့်နှိုးဆော်သံ အပြင်းအပျော့ ကွဲပြားနေရခြင်းရဲ့ အခြေခံအကြောင်းရင်းကတော့၊ ရရှိတည်ဆောက်ထားတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုရေချိန် အနိမ့်အမြင့် ကွာခြားမှုကြောင့်ပါဘဲခင်ဗျ။ ၁၉၄၇ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ အမျိုးသားစည်းလုံးညီညွတ်မှုရေချိန်ဟာ အထွတ်အထိပ်ရောက်နေခဲ့တယ် လို့ဆိုနိုင်ပါတယ်။ ဖဆပလ၊ ကွန်မြူနစ် အကွဲအပြဲတွေရှိခဲ့ပေမယ့် နှစ်ဖွဲ့ လုံးဟာ လုံးဝလွတ်လပ်ရေး ပန်းတိုင်ကိုသာ ဦးတည်ခဲ့တဲ့အတွက် ပြည်သူလူထုကြား အက်ကြောင်းမရှိခဲ့ပေဘူး။ စေ့စပ်ရေးဂိုဏ်းသားတွေဖြစ်တဲ့ စော၊စိန်၊မော် တို့ဟာလဲ လူထုကို တွေဝေယိမ်းယိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဒီလို ပြည်သူတရပ်လုံးရဲ့ အုံးအုံးကျက်ကျက် ထောက်ခံအားပေးမှုကိုရရှိခဲ့တဲ့အပြင်၊ တိုးတက်သောနိုင်ငံရေးအင်အားစုများ စည်းစည်းလုံးလုံးရှိနေခဲ့တဲ့ အတွက်ကြောင့် ဖခင်ဗိုလ်ချုပ်ဟာ အခုလို ရဲရဲဝံ့ဝံ့ ကြုံးဝါးနိုင်တာပါခင်ဗျ။

ဒီနေ့ဒီအချိန်မှာတော့ တိုးတက်တဲ့နိုင်ငံရေးအင်အားစုများကြား စည်းလုံးမှုရေချိန်ဟာ ထင်သလောက်မြင့်မားခြင်း မရှိပေဘူးဗျ။ ဒါ့အပြင် အခြေခံဥပဒေကိုထောက်ခံကြဖို့ လူထုကိုမဲဆွယ်နေတဲ့ စေ့စပ်ရေးဂိုဏ်းသားများ (ယနေ့အခေါ် တတိယလှိုင်းအုပ်စု) အသံတွေကလည်း ဟိုကဒီက ဆိုသလို ထွက်ပေါ်နေတယ်ဗျ။ ဒီလိုအခြေအနေမျိုးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်လှန့်သံမှာ မတရားဖိနှိပ်ခံနေရတဲ့ ဘဝကလွတ်မြောက်စေလိုတဲ့ စေတနာတွေ ယိုဖိတ်နေတာကို အထင်အရှား တွေ့မြင်နိုင်ပါတယ်ခင်ဗျ။

ဒီတော့ ကျနော်တို့ဟာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှိုးဆော်သံအတိုင်း ရှေ့ လာမယ့်အဆိုးဆုံး အခြေအနေအတွက် အသင့်ပြင်ထားကြသင့်ပြီ ဖြစ်ပါတယ်ခင်ဗျ။ ဒီလို အသင့်ပြင်တဲ့နေရာမှာ အမျိုးသားရေးအတွက် ဆောင်ရွက်နေတဲ့ အင်အားစုတွေအကြား အရင်ကထက် စည်းလုံးညီညွတ်မှုရှိအောင် လုပ်ဆောင်သင့်ပေတယ်။၊ သမိုင်းမှန်၊အဖြစ်မှန်တွေကို ပြည်သူလူထု ရှင်းရှင်းလင်းလင်း သိမြင်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းသင့်တယ်ခင်ဗျ။၊ စေ့စပ်ရေးဂိုဏ်းသားတွေရဲ့ အန္တရာယ် ကို လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ချကြပြီး၊ ဒီလူတွေရဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေကို ပြတ်ပြတ်သားသား ချေမှုန်းကြသင့်ပါတယ်ခင်ဗျ။ ဒီလို မြန်မာ့ဒီမိုကရေစီရေးအတွက် အတူတူ ဆောင်ရွက်နေသူတွေအကြား ညီညွတ်မှုဒီရေ မြင့်တက်လာမယ့် မဝေးတော့တဲ့ တနေ့မှာ ကျနော်တို့ဟာ “ကျုပ်တို့ဟာ အကောင်းဆုံးကို မျှော်လင့်ထားသလို၊ အဆိုးဆုံးကိုလဲ ပြင်ဆင်ထားပါတယ်” လို့ ပြတ်ပြတ်သားသား ကြုံးဝါးနိုင်လာမယ် ဖြစ်ကြောင်း နမိတ်ဖတ်လိုက်ပါရစေလား။

ကိုညို

No comments: