Friday, November 23, 2007

ကိုင်း…ပြောစမ်းပါရစေ

ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ “ကိုင်း ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” ဆိုတဲ့ အခန်းဆက် ဆောင်းပါးရှည်ကြီးကို သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှာ ကျနော် စွဲစွဲလမ်းလမ်းနဲ့ ဖတ်ခဲ့ရပါတယ်။ ၈၀ပြည့်လွန်နှစ်ကာလ ဖြစ်ပျက်မှုတွေအပေါ်မှာ ဆရာမကြီးရဲ့ သုံးသပ်ဝေဖန်ချက်တွေဟာ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံထားပြီး ပုဂ္ဂလိကခံစားချက်တွေ ရောယှက်ထားတဲ့အတွက် ဝေဝေဆာဆာရှိလှပါတယ်ခင်ဗျ။ အဲဒီ့လိုပဲ ယနေ့မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ကျနော့်ရင်ထဲက ပွင့်ကျလာတဲ့ ခေတ်ပြိုင်ခံစားချက်တွေကို ဆရာမကြီးရဲ့ လေသံလေး မဝံ့မရဲလေးဖမ်းပြီး “ကိုင်း…ပြောစမ်းပါရစေ”လား။

အခုတလော မြန်မာနိုင်ငံမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်ခင်ဗျ။ ကုလသမဂ္ဂ လက်ထေက်အတွင်းရေးမှူး ဂန်ဘာရီ တစ်လအတွင်း ဒုတိယအကြိမ် ရောက်လာခဲ့တယ်။ နောက် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ ပင်ညဲရိုး ရောက်ခဲ့တယ်ခင်ဗျ။ စက်တင်ဘာ ဆန္ဒပြပွဲတွေမှာ ရက်ရက်စက်စက် အကြမ်းဖက်ခဲ့တဲ့ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းခဲ့တယ်ဗျ။ တစ်ချိန်ထည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ဆွေးနွေးပွဲတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ၃ဦးတို့ရဲ့ဆွေးနွေးပွဲတွေ ဖြစ်ခဲ့တယ်။ အဲဒီလို အခြေအနေတွေအပေါ်မှာ အပြုသဘော ရှုမြင်သုံးသပ်မှုတွေရှိနေကြတယ်ခင်ဗျ။

ဒါပေမယ့် အခုလို အပြုသဘောဆောင်တဲ့ သုံးသပ်မှုတွေကနေ အားကိုးတကြီး မျှော်လင့်မှုဖြစ်မလာဖို့ လိုတယ်ဆိုတာကိုတော့ လက်တို့ပြီးပြောပါရစေဗျ။ ပြီးခဲ့တဲ့ ဒုတိယအခေါက်မှာ ဂန်ဘာရီတစ်ယောက် အဆင့်အမြင့်ဆုံးဆိုလို့ နအဖ ဝန်ကြီးချုပ်နဲ့ပဲ တွေ့ခွင့်ရခဲ့တာပါ။ ဂန်ဘာရီ တစ်ကယ်တန်း ဆွေးနွေးခဲ့ရတဲ့သူကတော့ ပြန်ကြားရေးဝန်ကြီး ဗခကျော်ဆန်း တို့အဖွဲ့ပါ။ ဗခကျော်ဆန်းကတော့ သူတို့ဟာ နအဖရဲ့ Mandate ရထားတယ်လို့ ကြေငြာပြီး ဘယ်နည်းနဲ့မှ ပြည်ပစွက်ဖက်မှုကှို လက်မခံနိုင်ဘူးလို့ ကြိမ်းဝါးသွားလေရဲ့ အင်း…အမျိုးသားရင်ကြားစေ့ရေးကတော့ အားရစရာပါပဲဗျ။ ရင်ကြားကို ဒါးထောက်ပြီးစေ့ရင် ရင်ကွဲယုံပဲ ရှိမှာပါလို့ပဲ ပြောချင်ပါတယ်ခင်ဗျ။

နောက်ပြီး နအဖရဲ့ Mandate ရထားတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ဟာ သာမန်ဝန်ကြီး အဆင့်သာရှိတဲ့ ဗခကျော်ဆန်းပါ။ ဒီလိုပြောလို့ တမင်နှိမ်ပြောတယ်လို့ မထင်စေချင်ပါဘူးဗျ။ ၈၈မှာ နိုင်ငံတော်အာဏာသိမ်းခဲ့တဲ့အဖွဲ့ဟာ နဝတ တဖြစ်လဲ နအဖအဖွဲ့ပဲ ဖြစ်ပါတယ်ခင်ဗျ။ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို နအဖအဖွဲ့ကပဲ ချမှတ်နေတာပါ။ ဝန်ကြီးအဖွဲ့ ဆိုတာ နအဖရဲ့ ချမှတ်ထားတဲ့ အမိန့်တွေကို အကောင်အထည်ဖေါ်ရတဲ့ အဖွဲ့သာဖြစ်တယ်ဗျ။ ဒါအပြင် ဝန်ကြီးဆိုသူတွေဟာ နအဖအဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး။ ယခင့်ယခင်ကာလများတုံးက ဆွေးနွေးမှုတွေကို ကိုင်တွယ်ခဲ့တဲ့ တွင်း(၁) လောက်တောင် အဆင့်မမြင့်တဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ လက်ရှိဆွေးနွေးရေးအဖွဲ့ကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အစိုးရရဲ့ အလေးထားမှုကိုတွေ့ နိုင်ပါတယ်ခင်ဗျ။

တဖန် မကြာခင်ကာလအတွင်းက စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အရာရှိချုပ် ဒုဗခကရဲမြင့် နယ်စပ်တခို လှည့်လည်ပြီး ငြိမ်းအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်။ ဒါတွေဟာ စစ်အစိုးရရဲ့ နည်းဗျူဟာမြောက် လှုပ်ရှားမှုတွေ ဖြစ်ပါတယ်ခင်ဗျ။ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် အပစ်ရပ်အဖွဲ့တွေရဲ့ သဘောထားကို တီးခေါက်ကြည့်တာဖြစ်တယ်။ တချိန်တည်းမှာပဲ ပြည်တွင်းနိုင်ငံရေးကစားကွက်မှာ ဘေးကျပ်နံကျပ် ကြုံရမယ့်အဖြစ်ကို ရှောင်ချင်ပုံရပါတယ်။ အခုဆိုရင် ပြည်တွင်းစာနယ်ဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေငြာချက်ကို တိုင်းရင်းသားအဖွဲ့ တွေရဲ့ ကန့်ကွက်ချက်တွေ ဖော်ပြလာပါတယ်ဗျ။ ဒီလှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် နအဖစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ သံသယဝင်ဖွယ် ဖြစ်ကြောင်းတွေ့ရမှာ ဖြစ်ပါတယ်ဗျ။

ပြီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ ကုလသမဂ္ဂ ကိုယ်စားလှယ် ဂန်ဘာရီက မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို လာရောက်ရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် အာဆီယံအဖွဲ့က လက်မခံခဲ့ပါဘူး။ မြန်မာစစ်အစိုးရဝန်ကြီးချုပ်က ကန့်ကွက်ခဲ့တဲ့အတွက် ဖြစ်ပါတယ်ဗျ။ အာဆီယံအဖွဲ့ကလည်း အလွယ်တကူပဲ လိုက်လျောခဲ့ပါတယ်။ ကျနော်တို့ ဗုဒ္ဓမြတ်စွာ ဟောထားတာက အမှန်တရားဆိုတာ အချိန်မရွေး၊ နေရာမရွေး မှတ်ကျောက်တင်ခံနိုင်ပါတယ်တဲ့။ အင်း တချို့ အမှန်တရားတွေကတော့ အချိန် နဲ့ နေရာ ရွေးပုံရတယ်ခင်ဗျ။

အခုလို အထက်ကဖော်ပြခဲ့တဲ့အချက်တွေကို သေသေချာချာ လေ့လာကြမယ် ဆိုရင် မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ ရှေ့ နောက်မညီကြောင်း တွေ့ရမှာဖြစ်ပါတယ်ခင်ဗျ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးဖို့ ညှိနှိုင်းနေတဲ့ကာလအတွင်း ဆက်လက် ဖမ်းဆီးထားဆဲပါဗျ။ ဒါတွေဟာ စေတနာမမှန်သေးတဲ့ လုပ်ရပ်တွေ ဖြစ်ကြောင်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ယနေ့မြန်မာပြည်မှာ ဖြစ်ပေါ်မှုတွေဟာ အပြုသဘောဆောင်ပေမယ့် အထူးသတိပြု စောင့်ကြည့်ရဦးမယ့် အခြေအနေမှာပဲ ရှိနေဆဲဖြစ်ကြောင်း အလေးအနက် ပြောလိုပါတယ်ဗျာ။


ကိုညို


( ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရဲ့ မြန်ပြည်အရေး သုံးသပ်ချက် တွေ ပါ ။ ဆက်လက်ပြီး အပတ်စဉ် ထွက်လာ ဖို့ မျှော်လင့်ပါတယ်။ )

No comments: