Sunday, January 6, 2008

ကိုင်း…ပြောစမ်းပါရစေ (၂)

လွတ်လပ်ရေးနေ့အတွေး

နှင်းမြူတွေဆိုင်းနေတဲ့ ဇန်န၀ါရီလ နံနက်ခင်းတစ်ခင်းမှာ ပြည်သူ့လွှတ်တော်ရှေ့ လမ်းရှောက်နေရင်းနဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်မိပါတယ်။ တက်သစ်စ နေခြည်နုအောက်မှာ ၀င်းပနေတဲ့ရွှေရောင်တွေဟာ မြူတွေကြားကထိုးထွက်ပြီး ဟိုတစ်စဒီတစ်စနဲ့ တလက်လက် တောက်ပနေပါတယ်။ တချိန်ထဲမှာပဲ အတွေးတစ်ခု ၀င်လာပါတယ်၊ လောကမှာ ရွှေရောင်ဓမ္မတရားစစ်ဆိုတာ အဓမ္မမြူခိုးတွေ ဘယ်လိုပဲ ကာဆီးထားထား အမြဲထွန်းလင်းနေဆဲဖြစ်ပြီး၊ အဓမ္မတရားဟာ တချိန်မှာတော့ ဖယ်ခွာရစမြဲ ဆိုတာပါခင်ဗျာ။

တစ်ဆက်ထဲ အင်္ဂလိပ်တို့ လက်အောက်က လွတ်မြောက်ခဲ့တာ နှစ်ပေါင်း၆၀ တိုင်ခဲ့ပါပကောလို့ တွေးလိုက်မိတယ်ဗျာ။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ ကျနော်တို့မြန်မာတွေဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သလို လွတ်လပ်ရေးရဲ့ အရသာကို တင်းပြည့်ကျပ်ပြည့် မခံစားရသေးပါဘူးဗျ။ လူမှုရေး၊ စီးပွားရေး ယုတ်စွအဆုံး နေ့တဓူဝအရေး နယ်ပယ်တွေမှာ အာဏာပိုင်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ပြည်သူတွေဟာ မလူးသာ မလွန့်သာ ဖြစ်နေဆဲပါ။ ကိုယ့်ဘ၀ခရီးလမ်းကို ကိုယ်ပိုင်ပြဌာန်းချက်အတိုင်း ရဲရဲဝံ့ဝံ့ လျှောက်လှမ်းဖို့အတွက် ခက်ခဲနေဆဲပါခင်ဗျ။ အမှန်ပြောရရင် ကျနော်တို့တွေ မလွတ်လပ်သေးပါဘူး။

၁၈၈၅ခုနှစ် ပါတော်မူပြီး ကတည်းက မြန်မာတို့ဟာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြတယ်ဗျ။ တင်းကျပ်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေမှန်သမျှကို ချိုးဖျက်နိုင်ဖို့ အမြဲကြိုးစားခဲ့ကြတယ်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ အသင်းတို့လှုပ်ရှားမှု၊ ပထမ ကျောင်းသားသပိတ၊် ဒို့ဗမာအစည်းအရုံးရဲ့ စည်းရုံးလှုပ်ရှားမှု၊ ဒုတိယ ကျောင်းသားသပိတ်၊ ၁၃၀၀ပြည့် အရေးတော်ပုံ အစရှိတဲ့ လှုပ်ရှားမှုတွေဟာ မတရားတဲ့ဖိနှိပ်ချုပ်ချယ်မှု မြူမှောင်တွေကြားက ပြတ်ပြတ်သားသား လင်းလက်လာတဲ့ ရွှေရောင်အလင်းတန်းများဘဲ ဖြစ်ပါတယ်ခင်ဗျ။

မြန်မာတို့ရဲ့ နိုင်ငံရေးအသိ၊ စည်းလုံးညီညွတ်မှုရေချိန် မြင့်မားလာတာနဲ့အမျှ လွတ်လပ်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေး၊ ၉၁ဌာန အုပ်ချုပ်ရေး စတဲ့ အုပ်ချုပ်မှုစနစ်တွေနဲ့ ညီညွတ်ရေးရေချိန် မြင့်မားလာနေတဲ့ မြန်မာတို့ကို ချွေးသိပ်ခဲ့ရတယ်ဗျ။ ဒီနေရာမှာ နယ်ချဲ့ တို့ပေးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အနှစ်သာရ စစ်မှန်မှု ကိုပြောလိုတာ မဟုတ်ပေဘူး။ အဖိနှိပ်ခံလူထု စည်းလုံးညီညွတ်မှုရှိလေလေ အုပ်ချုပ်သူတွေ အလျှော့ပေး လိုက်လျောရလေလေ ဆိုတဲ့အချက်ကို မီးမောင်းထိုးပြလိုခြင်းသာ ဖြစ်တယ်ခင်ဗျ။ အမျိုသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာတို့ရဲ့ စည်းလုံးညီညွတ်မှု အထွတ်အထိပ်ရောက်ရှိခဲ့တဲ့အတွက် ၁၉၄၈ခုနှစ်မှာ လုံးဝလွတ်လပ်ရေး ရရှိခဲ့ပါတယ်။

အမျိုးသားစည်းလုံးမှု ပျက်ပြားခဲ့တဲ့အတွက် ၁၄နှစ်အကြာမှာ ရွှေရောင်တောက်ပခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးဟာ အာဏာရှင်လူတစ်စု လက်အောက်မှာ ဆိတ်သုန်းခဲ့ရတယ်ဗျ။ မြန်မာပြည်ကို မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု သံကွန်ချာ ထပ်မံလွှမ်းမိုးခဲ့ရပြန်တယ်။ ကျနော်တို့ဟာ ဆုံးရှုံးခဲ့ရတဲ့ မွေးရာပါ အခွင့်အရေးများအတွက် ခေါင်းငုံ့မခံဘဲ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဆဲဗင်းဇူလိုင် ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း တွေဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု တံတိုင်းကို ရိုက်ချိုးဖို့ ကြိုးစားခဲ့ကြတဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပါတယ်ခင်ဗျ။ ဒါတွေဟာ စစ်အာဏာရှင် အုပ်စိုးမှု အမိုက်မှောင်အတွင်းက ပွင့်အံထွက်လာတဲ့ ပြည်သူတွေရဲ့ ရွှေရောင်သတ္တိတွေ ဖြစ်တယ်။

၁၉၈၈ခုနှစ်အရေးတော်ပုံမှာ ပြည်သူလူထုရဲ့ စည်းလုံးမှု အထွတ်အထိပ် ရောက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။ တဆက်ထည်းမှာဘဲ မြန်မာပြည်ဟာ ပိုမိုနက်ရှိုင်းတဲ့ ဖိနှိပ်ချုပ်ချယ်မှု အမှောင်ထုအတွင်း ကျရောက်ခဲ့ရတယ်ဗျ။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို မဲပေးခဲ့ပြီး ပြည်သူ့ ဆန္ဒကို ရဲရဲဝံ့ဝံ့ ဖော်ပြခဲ့တယ်။ ၉၂ ကျောင်းသားလှုပ်ရှားမှု၊ ၉၆၊၉၈ ကျောင်းသားလှုပ်ရှားမှု နဲ့ ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွေဟာ စစ်အာဏာရှင်အုပ်စိုးမှု အမိုက်မှောင်အောက်က လွတ်မြောက်လိုတဲ့ ဆန္ဒကြောင့် ထွက်ပေါ်လာတဲ့ အလင်းတန်းတွေပဲ ဖြစ်ပါတယ်ဗျ။

၁၈၈၅ခုနှစ် ကတည်းက ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးဟာ အနှစ်၆၀ကျော် ကြာပြီးမှ ကျနော်တို့ရဲ့ ဘိုးဘွားတွေရဲ့ သွေးချွေးတွေပေးဆပ်ပြီး ရယူခဲ့ရတာပါ။ အဲဒီလိုပဲ ၁၉၆၂ခုနှစ်မှာ ပြန်လည်ဆုံးရှုံးခဲ့ရတဲ့ ကျနော်တို့ရဲ့ မွေးရာပါအခွင့်အရေးတွေကို ပြန်လည်ရယူဖို့အတွက် ဖြတ်သန်းလာခဲ့ရတဲ့ လူထုလှုပ်ရှားမှုတွေဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူး။ လွတ်မြောက်ရေးပန်းတိုင်ဆီ အရောက်လှမ်းနိုင်မယ့် အချိန်ဟာ အကန့်အသတ်မဲ့ပါ။ အဲဒီ့အတွက် ကျနော်တို့တွေဟာ စိတ်ရှည်သည်းခံမှု၊ စည်းလုံးညီညွတ်မှု၊ တော်လှန်ရေးသတိ အစဉ်နိုးကြားနေဖို့ လိုအပ်ပါတယ်ဗျ။ ဒါ့အပြင် ပြည်တွင်း၊ပြည်ပ တော်လှန်ရေးအင်အားစုအတွင်း စည်းလုံးညီညွတ်မှု ပိုမိုတည်ဆောက်လာနိုင်တာနဲ့အမျှ မြန်မာပြည်သူတွေရဲ့ လူမှုဘ၀ လွတ်လပ်မှုဟာ ဖုံးလွှမ်းထားတဲ့ မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု အမှောင်တိုက်မှ ထွက်မြောက်လာနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။

ကျနော် အတွေးနက်နေတဲ့ အချိန်အတွင်းမှာဘဲ မျက်နှာမူရာမှာရှိတဲ့ ရွှေတိဂုံစေတီတော်ကြီးဆီက ရွှေရောင်အလင်းတန်းများဟာ ပိန်းပိတ်နေတဲ့ မြူတွေကြားက ဟိုနားဒီနားကနေ ထိုးဖောက်တောက်ပနေပါတယ်။ တဖြည်းဖြည်းချင်း ထွန်းလင်းလာတဲ့ နံနက်နေရောင်အောက်မှာ မြူခိုးတွေဟာ အလန့်တကြား ကွယ်ပျောက်နေပါပြီ။ ရွှေရောင်တွေ ၀င်းဝင်းလက်လက်နဲ့ တောက်ပနေတဲ့ ရွှေတိဂုံစေတီတော်ကို ရွှေတောင်ကြီးအလား အဝေးက ဖူးမြော်လိုက်ရပါတယ်။ အဆုံးမှာတော့ ဤလောကမှာ ဓမ္မ ကသာ အနိုင်ရမြဲ မဟုတ်ပါလားခင်ဗျာ။

ကိုညို

No comments: