Thursday, January 17, 2008

ကိုင်းပြောစမ်းပါရစေ (၃)

ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး အရှိန်မြင့်နေဆဲ ကာလတစ်ခုမှာ ပြည်ပရောက် မြန်မာတွေကြား မေးခွန်းတစ်ခု ဂယက်ရိုက်ခဲ့တယ်ခင်ဗျ။ အဲဒါကတော့ “ငါတို့ဘာလုပ်နိုင်သလဲ၊ အခုဘာတွေလုပ်ကြမလဲ“ ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်ဗျ။ ၈၈အရေးတော်ပုံနောက် အကြီးမားဆုံး လူထုလှုပ်ရှားမှု အကြမ်းဖက်ဖြိုခွဲခံရပြီး အခုအချိန်မှာလည်း မေးခွန်းတွေ မေးနေကြဆဲပါ။ သေချာတဲ့အချက်ကတော့ ပြည်တွင်းမှာ လှုပ်ရှားမှု ပေါ်ပေါက်လာတဲ့ အခါကြမှ တုံ့ပြန်ခဲ့တဲ့ အတွက်ကြောင့် ပြည်ပအင်အားစုတွေရဲ့ ကူညီမှုဟာ ထိရောက်သင့်သလောက် မထိရောက်ခဲ့ဘူးဆိုတာပါပဲခင်ဗျ။

နိုင်ငံ့အရေး လုပ်ဆောင်ကြတဲ့ အင်အားစုများဟာ ပထမဆုံးအဆင့်မှာ အခြေခိုင်ခိုင်ရပ်တည်နိုင်ဖို့ ကြိုးပမ်းကြရပါတယ်။ ဒုတိယအဆင့်အနေနဲ့ မိမိရပ်တည်မှု ခိုင်မာလာတာနဲ့အမျှ အဖွဲ့အင်အား တောင့်တင်းလာဖို့ လူထုအကြားဆင်းပြီး လှုပ်ရှားကြရပါတယ်ခင်ဗျ။ နောက်ဆုံးအဆင့်ကတော့ မိမိတို့ရဲ့အယူအဆ၊ လမ်းကြောင်းကို တိုင်းသူပြည်သား အများစုက ထောက်ခံလာရင် အဆုံးသတ်အောင်ပွဲ ရယူဖို့ကြိုးပမ်းရပါတယ်။

ဒီနေရာမှာ ပြည်တွင်းအင်အားစုနဲ့ ပြည်ပအင်အားစု နှစ်ခုမှာ အဆုံးသတ် အောင်ပွဲကို ရယူပေးနိုင်တဲ့ အင်အားစုဟာ ပြည်တွင်းအင်အားစုသာ ဖြစ်ပေတယ်ဗျ။ ပြည်ပအင်အားစုဟာ ပြည်တွင်းအင်အားစုရဲ့ ကျောထောက်နောက်ခံသာဖြစ်တယ် ဆိုတာကို အရင်ဆုံး ပြတ်ပြတ်သားသား မြင်ဖို့လိုပါတယ်ခင်ဗျ။ ဒီအတွက် အောင်ပွဲရယူပေးမယ့် ပြည်တွင်းအင်အားစုရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ ကြီးပွားရာကြီးပွားကြောင်း အတွက် ဘက်ပေါင်းစုံကနေ ပံ့ပိုးသင့်ပေတယ်ဗျ။

အခုလိုကူညီပံ့ပိုးကြရာမှာ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်လေးတွေကတော့

၁။ ပြည်တွင်းအင်အားစုကို ရုပ်ဝတ္တု၊ငွေကြေး ထောက်ပံ့ခြင်း

၂။သမိုင်းမှန်၊ သတင်းမှန်၊ ပကတိအခြေအနေမှန်ကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေခြင်း

၃။ ပြည်တွင်းအင်အားစုက အဆုံးသတ်အောင်ပွဲအတွက် လုံးပန်းနေချိန်တွင်၊ ပြည်ပအင်အားစုမှ ပြန်လည်ထူထောင်ရေးကာလ အတွက် ကြိုတင်ပြင်ဆင်တားခြင်း။

၎။ အထက်ပါ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသော လူအများအကြား အညီအညွတ်ရှိစေခြင်း တို့ဘဲဖြစ်ပါတယ်ခင်ဗျ။

ဒီတော့ ကျနော်တို့ဟာ ပြည်တွင်းမှာ တစ်ခုခုဖြစ်မှ ထလုပ်ရှားကြမယ့်အစား၊ လူအများ ပေါ့ပေါ့ပါးပါးနဲ့ ပါဝင်လုပ်ဆောင်နိုင်မယ့် ယေဘုယျ လုပ်ငန်းစဉ်လေးတွေ အခုကတည်းက ချမှတ်ပြီး လုပ်သင့်နေပြီဖြစ်ကြောင်း အကြံပြုပါရစေလားခင်ဗျာ။

ကိုညို


No comments: