Monday, March 3, 2008

ကိုင်း…ပြောစမ်းပါရစေ (၆)


ပြီးခဲ့တဲ့အပတ်မှာ ပေါ်မှပေါ်လာပါ့မလားလို့ စောင့်ကြည့်နေတဲ့ စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဥပဒေ ထွက်လာပါတယ်။ အများမျှော်လင့်တဲ့အတိုင်း မေးခွန်းထုတ်ဖွယ်ကောင်းတဲ့ အချက်အလက်တွေကို ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာတွေ့ရပါတယ်ဗျာ။ ပထမအချက်ကတော့ ဆန္ဒခံယူပွဲကို ကြီးကြပ်မယ့် ကော်မရှင်မှာ စစ်အစိုးရရဲ့ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ပုဂ္ဂိုလ်တွေအများစု ပါဝင်နေကြတဲ့ အချက်ပါပဲ။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ကော်မရှင်ရဲ့ သမာသမတ်ရှိမှု အပေါ်မှာ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ သိက္ခာသမာဓိရှိပြီး ပြည်သူလူထုလေးစားတဲ့ ပုဂ္ဂိုလ်များ မပါဝင်တဲ့ ဆန္ဒခံယူပွဲကော်မရှင် ဖြစ်တဲ့အတွက်ကြောင့် ဘက်လိုက်မှုကင်းရှင်းတဲ့၊ တရားမျှတတဲ့ ဆန္ဒခံယူပွဲ ပေါ်ပေါက်နိုင်ဖို့ မမျှော်လင့်နိုင်တော့ပါဘူး။ အခြေခံဥပဒေကို ကိုယ်တိုင်ရေးပြီး၊ ဆန္ဒခံယူမှုပွဲကို ကိုယ်တိုင်ကြီးကြပ်တဲ့ လုပ်ရပ်ဟာ လက်ခံနိုင်ဖို့ရာ မရှိပေဘူးဗျ။

အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေရဲ့ အခန်း(၉)မှာ ဖော်ပြထားတာက ဆန္ဒခံယူပွဲကော်မရှင်ဟာ “ဆန္ဒမဲပေးခွင့်ရှိသူဦးရေ၊ ဆန္ဒမဲပေးသူဦးရေ၊ ထောက်ခံဆန္ဒမဲပေးသူဦးရေ နှင့် ယင်းတို့၏ နှိုင်းယှဉ်ချက်ကို ရာခိုင်နှုန်းဖြင့် ကြေငြာရမည်” လို့ပြောထားပါတယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ ကန့်ကွက်မဲပေးသူဦးရေ နဲ့ ရာခိုင်နှုန်းကို ကြေငြာရန် ထည့်သွင်းမဖော်ပြတဲ့ အတွက်ကြောင့် ဒီဥပဒေဟာ တဖက်စောင်းနင်း ဖြစ်နေပါတယ်။ တနည်းပြောရရင် ကော်မရှင်ဟာ အခြေခံဥပဒေကို လူထုက ပယ်ချတယ်၊လက်ခံတယ် လို့ ကြေငြာဖို့ အာဏာမရှိပေဘူး။ ဒါဆိုရင် ဘယ်အဖွဲ့အစည်းက တာဝန်ရှိသလဲဆိုတာ မေးဖို့ရှိနေပါတယ်ဗျ။

အလွန်ထူးခြားတာကတော့ စစ်အစိုးရပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ ဘယ်လိုအခြေအနေမှာ အခြေခံဥပဒေဟာ အတည်ဖြစ်သလဲ ဆိုတဲ့ အဓိကကျတဲ့ အခန်းပျောက်နေပါတယ်ခင်ဗျ။ စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပတာဖြစ်ပါလျက်နဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ မည်ရွေ့မည်မျှသော ရာခိုင်နှုန်းရရင် အတည်ဖြစ်တယ်ဆိုတဲ့ အဓိကအချက် မပါဝင်နေခြင်းဟာ အထူးသံသယဝင်ဖွယ်ဖြစ်တဲ့အကြောင်း သတိပေးလိုက်ပါရစေလား။

ကိုညို


No comments: